by Admin
ချိတ်ဆွဲရန်စာတန်း: interview interview tips tricks interview preparation jobs in myanmar
အလုပ်အင်တာဗျူးမတိုင်ခင်ညဟာ ကျွန်တော်တို့တွေအတွက်တော့ စိတ်လှုပ်ရှားစရာ၊ စိတ်ဖိစီးဖွယ်ရာ အခြေအနေမျိုးဖြစ်မှာပါ။ မနက်ဖြန်အတွက် စိတ်လှုပ်ရှားမှုတွေနဲ့ ဘာကို ပြင်ဆင်ရမှန်းမသိ ဖြစ်တတ်မှာပါ။ အတွေးထဲမှာ တကယ်လို့ ဆိုတာတွေများစွာကို တွေးနေမိမှာပါ။ တကယ်လို့ သူက ဒါမေးရင် ဘယ်လိုဖြေမလဲတို့..၊ တကယ်လို့ ငါဒီဟာဝတ်သွားရင် ကောင်းပါ့မလားတို့... အစရှိသဖြင့်ပေါ့။ ဒီလိုဖြစ်တတ်တယ်ဆိုရင်လည်း ဒါက ပုံမှန်ပဲဖြစ်ပါတယ်။ လူတော်တော်များများဖြစ်လေ့ရှိတာဖြစ်တဲ့အတွက် အဲ့ဒီအရာတွေကို ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ခြင်းဖြင့် ကျော်ဖြတ်နိုင်ပါတယ်။ အင်တာဗျူးမတိုင်ခင်ညမှာ လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားမယ်ဆိုရင် အင်တာဗျူးနေ့မှာ သင်ဟာ အဆင်သင့်ဖြစ်နေမှာ အသေအချာပါပဲ။ တကယ်လို့ အင်တာဗျူးကို မသွားနိုင်ဘူးဆိုရင်တော့ ဒီလင့်ခ်မှာ ဘယ်လိုအကောင်းဆုံး ငြင်းဆန်မလဲဆိုတာ ဖတ်ရှုနိုင်ပါတယ်။
ဒါကြောင့် ဘယ်လိုပြင်ဆင်မှုတွေကို အဓိကထားလုပ်မလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ရအောင်..
၁။ အဝတ်အစားကို ပြင်ဆင်ပါ
သင့်အနေနဲ့ နောက်တစ်နေ့ဝတ်မယ့်အဝတ်အစားကို ညထဲက ပြင်ဆင်လေ့ရှိပါသလား။ တချို့ကတော့ ပြင်ဆင်လေ့ရှိတယ်ဆိုနိုင်ပေမယ့် များသောအားဖြင့်တော့ တော်ရုံဆို ဘယ်သူမှ တစ်ညကြိုပြီး ပြင်ဆင်လေ့ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီအင်တာဗျူးမတိုင်ခင်ညမှာတော့ သင့်အနေနဲ့ မနက်ဖြန် အင်တာဗျူးအတွက်ဝတ်ဆင်သွားမယ့် အဝတ်အစားကို ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးဖြစ်မှာပါ။ လိုက်ဖက်မယ့် ဝတ်စုံရွေးချယ်တာမျိုး၊ အဲ့ဒီဝတ်စုံဟာ တွန့်ကျေနေတာမျိုးဖြစ်နေရင် မီးပူတိုက်ပြီး သပ်ရပ်အောင် ပြင်ဆင်တာမျိုး၊ အစွန်းအထင်း တစ်ခုခုရှိနေရင် တခြားလိုက်ဖက်မယ့် ဝတ်စုံကို ရှာဖွေထားတာမျိုး အစရှိသဖြင့် ပြင်ဆင်မှုများစွာ ပြုလုပ်နိုင်ပါတယ်။ နောက်တစ်နေ့မှာ အဆင်သင့်ဖြစ်နေတဲ့ ဝတ်စုံနဲ့အတူ ကျော့ကျော့လေး အင်တာဗျူးကို သွားလိုက်ရုံပါပဲ။
၂။ ယူဆောင်သွားမယ့် အိတ်ကို ကြိုပြင်ဆင်ပါ။
မနက်ဖြန် အင်တာဗျူးသွားရင် သယ်ဆောင်သွားမယ့် သင့်ရဲ့ လက်ဆွဲတော်အိတ်ကို ကြိုတင်ပြင်ဆင်မှုဟာလည်း အင်တာဗျူးမတိုင်ခင်ညမှာ ပြုလုပ်သင့်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ သင့်အတွက် အသုံးဝင်မယ့် တစ်ကိုယ်ရည်ပစ္စည်းမျိုး၊ မိတ်ကပ်၊ နှုတ်ခမ်းနီ အစရှိသဖြင့် အသေးစားပစ္စည်းလေးတွေကို ကြိုတင်ထည့်သွင်းထားတာမျိုးကအစ၊ သင့်ရဲ့ စီဗွီမိတ္တူတစ်စောင်မျိုးကိုလည်း အပိုဆောင်ထားတာမျိုးအထိ ပြင်ဆင်သွားသင့်ပါတယ်။
၃။ သွားရမယ့်နေရာနဲ့ အချိန်ကို ကြိုတင်တွက်ချက်ပါ။
အင်တာဗျူးရဲ့ အရေးကြီးဆုံးအချက်တွေထဲက တစ်ချက်ကတော့ တိကျတဲ့အချိန်မှာရောက်ရှိခြင်းပါပဲ။ လေးစားမှုကိုပြသရာရောက်သလို၊ သင့်ရဲ့ အချိန်တိကျမှုဟာ သင့်ရဲ့ အရည်အသွေးတစ်စိတ်တစ်ဒေသကို ထုတ်ဖော်ပြရာရောက်လို့လည်းဖြစ်ပါတယ်။ အချိန်အတိအကျရောက်ဖို့ဆိုရင် အရေးကြီးတဲ့ အချက်ကတော့ သင်သွားရမယ့်နေရာကို ကြိုတင်သိရှိထားဖို့ရယ်၊ အဲ့ဒီနေရာကို အချိန်မှီရောက်ရှိနိုင်ဖို့ သင့်ရဲ့ နေအိမ်ကနေ ဘယ်အချိန်ထွက်မလည်းဆိုတာရယ်ကို တွက်ချက်ထားဖို့ကလည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် အင်တာဗျူးမတိုင်ခင်ညမှာ သင့်အနေနဲ့ သင်သွားရမယ့်လိပ်စာကို သေချာသိရှိအောင်လုပ်ပြီး အချိန်မှီရောက်အောင် ဘယ်အချိန်သင့်အိမ်မှထွက်သင့်သလဲ၊ ဘယ်လို လမ်းကြောင်းကသွားမလဲ၊ ဘာနဲ့သွားမလဲ အစရှိသဖြင့် အစီအစဉ်ချထားသင့်ပါတယ်။
၎။ မေးလေ့ရှိတဲ့ မေးခွန်းတွေအတွက် ပြင်ဆင်သွားပါ
သင့်အနေနဲ့တော့ အရင်အင်တာဗျူးတွေမှာ ရှိပြီးသားအတွေ့အကြုံတွေ့အရရော၊ သင့်ရဲ့ အရင်ရက်တွေက ကြိုတင်ပြင်ဆင်မှုတွေအရရော သင့်အနေနဲ့ မေးခွန်းတွေကို ဘယ်လိုဖြေမလည်းဆိုတာ ကြိုတင်ပြင်ဆင်ပြီးဖြစ်ပြီလို့ မျှော်လင့်မိပါတယ်။ တကယ်လို့ သင့်အနေနဲ့ ထပ်မံပြင်ဆင်တာမျိုးပြုလုပ်ချင်ရင်လည်း မေးလေ့ရှိတဲ့ မေးခွန်းများကို ဘယ်လိုဖြေမလဲဆိုတာ အဲ့ဒီညမှာ ကြိုတင် စဉ်းစားသွားနိုင်ပါတယ်။ အမေးများလေ့ရှိတာတွေကတော့ သင့်အကြောင်းကိုပြောပြပါတို့၊ ဘာလို့ ဒီအလုပ်ကိုစိတ်ဝင်စားတာလဲ၊ ဘာလို့ ဒီအသက်မွေးဝမ်းပညာကို ရွေးချယ်ခဲ့တာလဲ၊ သင့်ရဲ့ ရည်မှန်းချက်က ဘာလဲ၊ ခံယူချက်ကဘာလဲ အစရှိသဖြင့် ဖြစ်ပါတယ်။ အစရှိတဲ့မေးခွန်းတွေအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် အဖြေတွေကို ကြိုတင်စဉ်းစားခြင်းမျိုးပြုလုပ်သွားပြီးတော့ အင်တာဗျူးမှာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားသင့်ပါတယ်။ ဒီလင်ခ့်နဲ့ ဒီလင့်ခ်မှာ မေးတတ်တဲ့မေးခွန်းရဲ့ အဖြေကိုဖတ်နိုင်ပါတယ်။
၅။ သင့်ကို အင်တာဗျူးမေးမယ့်သူတွေအကြောင်းသိအောင်လုပ်ပါ။
များသောအားဖြင့် သင့်ကို အင်တာဗျူးအတွက် ဖိတ်ခေါ်ပြီဆိုရင် အီးမေးလ်ထဲမှာ သင့်ကို အင်တာဗျူးမေးမယ့်သူတွေရဲ့ နာမည်နဲ့ ရာထူး အစရှိတာတွေကိုပါ ထည့်သွင်းဖော်ပြထားလေ့ရှိပါတယ်။ အဲ့လိုမျိုး သင့်အနေနဲ့ နာမည်သိရှိပြီဆိုရင် သူတို့ရဲ့အကြောင်းကို သင့်အနေနဲ့ အင်တာဗျူးမတိုင်ခင်ညမှာ အချိန်အနည်းငယ်ပေးပြီး လေ့လာခြင်းမျိုး ပြုလုပ်သွားသင့်ပါတယ်။ သူတို့ရဲ့ LinkedIn ကို ဝင်ကြည့်တာမျိုး ဖြစ်ဖြစ်၊ သူတို့အကြောင်း google မှာ ရှာဖွေကြည့်တာမျိုးဖြစ်ဖြစ် ပြုလုပ်သွားသင့်ပြီး သူတို့အကြောင်းကို အနည်းအကျဉ်းသိရှိသွားအောင် ပြုလုပ်သင့်ပါတယ်။ အသေးစိတ်သိရှိစရာတော့မလိုအပ်လှပါဘူး။
၆။ သင့်ရဲ့ စီဗွီကို လိုရမယ်ရ ဆောင်သွားပါ။
များသောအားဖြင့်တော့ အင်တာဗျူးတစ်ခုပြုလုပ်တော့မယ်ဆိုရင် မေးခွန်းမေးသူတွေအတွက် သင့်ရဲ့ စီဗွီဟာ print out တစ်စုံစီတော့ သူတို့လက်ထဲမှာ ရှိပြီးသားဖြစ်နေမှာပါ။ ဒါမှလည်း သင့်ရဲ့ စီဗွီကို လေ့လာရင်းနဲ့ သင့်ကို မေးခွန်းတွေမေးမြန်းကြမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ သူတို့အနေနဲ့ သင့်ရဲ့ စီဗွီကို print ထုတ်ထားပြီးသား မရှိတာမျိုးဖြစ်ဖြစ်၊ အင်တာဗျူးမေးသူတွေထဲက တစ်စုံတစ်ယောက်မှာ သင့်ရဲ့ စီဗွီမရှိသေးတာမျိုးဖြစ်ဖြစ်ရှိခဲ့ရင် သင့်ရဲ့ အရံသင့်ယူဆောင်လာတဲ့ စီဗွီကို မျှဝေနိုင်မှာပဲဖြစ်ပါတယ်။
စီဗွီရဲ့ အချို့အချက်တွေကိုဘယ်လို ထည့်သွင်းပြင်ဆင်သင့်လဲဆိုတာ ဒီလင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
၇။ သင့်ရဲ့ မနက်စာကို စားသွားပါ။
အင်တာဗျူးဟာ မနက်ပိုင်းအချိန်မျိုးဖြစ်မယ်ဆိုရင် သင့်ရဲ့ မနက်စာကို မမေ့မလျော့ အချိန်ပေးပြီး စားသွားသင့်ပါတယ်။ နေ့တစ်နေ့တာအတွက် မနက်စာဟာ အရေးကြီးဆုံးဖြစ်သလို၊ သင့်ရဲ့ အင်တာဗျူးအတွက်လည်း ခွန်အားတစ်ရပ်ဖြစ်စေမှာ သေချာပါတယ်။ အင်တာဗျူးမတိုင်ခင် စောင့်နေချိန်မှာ ဗိုက်ဆာနေပြီး အာရုံအပြည့်အစိုက်တော့နိုင်တော့မှာထက်စာရင် မနက်စာအတွက် အချိန်အနည်းငယ်ကြိုထလိုက်ရတာဟာ သင့်အတွက် ပိုမိုအဆင်ပြေစေနိုင်မှာပါ။
၈။ အဆိုးဆုံးတွေကိုလည်း ပြင်ဆင်ထားပါ။
အကောင်းဆုံးကို မျှော်လင့်ရမှာဖြစ်သလို၊ အဆိုးဆုံးတွေအတွက်လည်း ပြင်ဆင်ထားရမယ် ဆိုတာနဲ့ အညီ သင့်အနေနဲ့ အင်တာဗျူးနေ့မှာ ဖြစ်လာနိုင်တဲ့ အဆိုးဆုံးအရာတွေအတွက်လည်း ကြိုတင်တွေးထားပြီး ပြင်ဆင်မှုပြုလုပ်ထားသင့်ပါတယ်။ ဥပမာအားဖြင့် သင့်အနေနဲ့ ဝတ်စုံကို သေချာပြင်ဆင်သွားပေမယ့် လမ်းတစ်ဝက်ရောက်မှ မိုးမိပြီး ရေရွှဲရွှဲစိုသွားမှာမျိုး၊ ကားလမ်းတွေ အဆမတန်ပိတ်ပြီးတော့ အင်တာဗျူးကို အချိန်မီမရောက်တော့တာမျိုး၊ အစရှိသဖြင့်ပေါ့။ အဲံလိုကိစ္စတွေကြုံလာရင်လည်း သင့်အနေနဲ့ ခေါင်းအေးအေးထားပြီး အဖြေရှာသင့်ပါတယ်။ နောက်ကျတာမျိုးအတွက်ဆိုရင်လည်း ဘယ်လို အကြောင်းပြချက်ကောင်းကောင်းပေးမလဲဆိုတာ စဉ်းစားထားသင့်ပါတယ်။ ပွင့်လင်းမှုဟာလည်း အထောက်အကူဖြစ်စေမှာပါ။
၉။ အချက်အလက်တွေကို ပြင်ဆင်သွားပါ။
သင်အင်တာဗျူးထဲမှာ ဘာတွေ ဘယ်လိုပြောမလဲ၊ ဘယ်မေးခွန်းကို ဘယ်လိုအချက်တွေနဲ့ ဖြေမလဲ၊ ဘယ်မေးခွန်းကိုတော့ ဘယ်လိုစီကာပတ်ကုံးဖြေမလဲ အစရှိသဖြင့် ကြိုတင်စဉ်းစားထားပြီး စဉ်းစားထားတဲ့ အချက်အလက်တွေကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒါ့အပြင် အင်တာဗျူးအဆုံးမှာ အမြဲမေးလေ့ရှိတဲ့ သူတို့ကို ဘာမေးချင်လဲဆိုတဲ့ မေးခွန်းအတွက်လည်း အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်သွားသင့်ပါတယ်။ ဒီလင့်ခ်မှာတော့ ဘာတွေမေးသင့်လဲဆိုတာကို ဖတ်ရှုနိုင်မှာပါ။
၁၀။ အချိန်မီနိုးထပါ
ပြောစရာမလိုအောင် သိပြီးဖြစ်မှာပါ။ အင်တာဗျူးနေ့မှာ အအိပ်လွန်ပြီး အချိန်ကျော်သွားရင်တော့ ဒါဟာ သင့်အပြစ်ဆိုတာ ပြောစရာလိုမှာမဟုတ်ပါဘူး။ အဲ့လိုမျိုးမဖြစ်အောင် အချိန်မီနိုးထနိုင်အောင် ညမအိပ်ခင်ထဲက မနက်ထမယ့်အချိန်ကို ကြိုတင်စဉ်းစားပြီး နှိုးစက်ပေးထားဖို့မမေ့သင့်ပါဘူး။
၁၁။ အိပ်ရေးဝပါစေ။
ဒါဟာလည်း ပြောစရာမလိုအောင် အရေးကြီးတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်ခြင်းမျိုးရရှိထားရင် သင့်အနေနဲ့ နောက်တစ်နေ့မှာ လန်းလန်းဆန်းဆန်းရှိနေမှာဖြစ်ပြီး သင့်အတွက်လည်း အထောက်အကူဖြစ်စေမှာပါ။ ဒါ့ကြောင့် ညဘက်ရောက်ပြီဆိုရင် သင့်အနေနဲ့ တီဗွီတွေကို ပိတ်လိုက်ပါ။ ကွန်ပျူတာတွေ၊ အင်တာနက်တွေ၊ ဖေ့ဘုတ်တွေ အစရှိတာတွေကို ခဏမေ့လိုက်ပြီး အိပ်စက်ခြင်းကိုပဲ အပြည့်အဝရရှိအောင် ကြိုးစားသင့်ပါတယ်။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။