Tags: Knowledge-Skills-Career-Development-JobsinYangon
သင့်ကိုယ်သင် တိုးတက်အောင်ပြုလုပ်နိုင်မယ့် အရည်အချင်း ၁ဝ ခု
ကျွန်တော်တို့အခုနေထိုင်နေတဲ့ ၂၁ ရာစုနှစ်ကြီးမှာ အရာရာတိုင်းဟာ လျှင်မြန်စွာပြောင်းလဲနေပါတယ်။ နှစ်ပေါင်း ၅ဝ လောက်က လူသားတွေ လကမ္ဘာပေါ်ခြေချခဲ့တာကစလို့ ကွန်ပျူတာခေတ်ဦးစတင်တိုးတက်လာမှုနဲ့အတူ လူသားတွေရဲ့ ဖန်တီးနိုင်မှုစွမ်းရည်ဟာလည်း တစ်ဆင့်ပြီး တစ်ဆင့်မြင့်မားလာခဲ့ပါတယ်။ ယနေ့ခေတ်ဆိုရင် မားစ်ဂြိုလ်မှာ လူသွားရောက်နေထိုင်နိုင်ဖို့ဆောင်ရွက်နေတာတွေအထိပါ တွေ့မြင့်ကြရမှာပါ။ အဲ့ဒီလို အလျှင်အမြန်တိုးတက် ပြောင်းလဲမှုတွေ များလာတဲ့ ခေတ်ကြီးမှာ နေထိုင်နေတဲ့ ကျွန်တော်တို့ဟာလည်း မိမိရဲ့ အရည်အသွေးတွေကို အစဉ်မပြတ်တိုးတက်နေအောင် စွမ်းဆောင်နိုင်နေဖို့လိုအပ်ပါတယ်။ တစ်ပါးသူထက်နောက်ကျကျန်မနေရစ်ဖို့၊ အလုပ်ခွင်ထဲမှာ တိုးတက်မှုရရှိဖို့၊ မိမိနဲ့ မိမိရဲ့ ပါတ်ဝန်းကျင် မိသားစုကို ကောင်းကျိုးပြု အထောက်အပံ့ပေးနိုင်သူတစ်ယောက်ဖြစ်ဖို့ ဆိုတာတွေများစွာကို စွမ်းဆောင်နိုင်မှလည်း လူတော်လူကောင်းတစ်ယောက်ဆိုတာဖြစ်နိုင်မှာပါ။
ဒါဆိုမိမိရဲ့ အရည်အသွေးတွေကို အစဉ်အမြဲတိုးတက်နေအောင် ဘယ်လိုလုပ်ဆောင်ကြမလဲ၊ ဘယ်လို အရာတွေကို ပြုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာအခွင့်အလမ်းတွေ၊ ဘဝတက်လမ်းတွေ ရရှိအောင် စွမ်းဆောင်ကြမလဲဆိုတာ အောက်က အချက် ၁ဝ ချက်ကို ဖတ်ကြည့်လိုက်ရအောင်။
၁။ မိမိကိုယ်ကို သိပါ။
မိမိကိုယ်ကို ဘယ်သူလဲဆိုတာတော့ လူတိုင်းသိမှာပါ။ ကိုယ့်နာမည်၊ ကိုယ်လုပ်နေတဲ့အလုပ်၊ ကိုယ်နေတဲ့လိပ်စာ အကုန်လုံးသိကြမှာပါ။ အဲ့ဒါတွေထက် အရေးကြီးတဲ့အရာတစ်ခုကတော့ မိမိကိုယ်ကို သုံးသပ်နိုင်စွမ်းပါပဲ။ မိမိရဲ့ အားနည်းချက်၊ အားသာချက်ကို သိရှိရပါမယ်။ အားသာချက်ကို ဘယ်လိုအသုံးချပြီးတော့ အားနည်းချက်ကို ဘယ်လိုနည်းနဲ့ မိမိအားသာချက်အဖြစ်ပြောင်းလဲရမလဲဆိုတာကို သိရှိထားအောင် အစဉ်အမြဲ မိမိကိုယ်ကို သုံးသပ်နေသင့်ပါတယ်။ ဒါ့အပြင် ဒီနေ့မိမိဘာတွေပြီးမြောက်အောင်လုပ်နိုင်ခဲ့လဲ၊ မနေ့ကထက် တိုးတက်မှုရှိလား၊ နောက်နေ့အတွက်ရော ဘာတွေပြင်ဆင်ထားပြီးပြီလဲ အစရှိသဖြင့် အစဉ်သုံးသပ်နေမယ်ဆိုရင်တော့ တိုးတက်မှုလမ်းကြောင်းကို ရရှိဖို့ မလွဲတော့ပါဘူး။ ဒါ့အပြင် မိမိဘယ်အရာတွေကို မသိသေးဘူးလဲ၊ မသိသေးတဲ့အရာတွေကတော့ အများအပြားရှိမှာပါ။ အဲ့ဒါတွေထဲက မိမိဘာကို စိတ်ဝင်တစားသင်ယူချင်စိတ်ရှိလဲဆိုတာကို စဉ်းစားပြီး သင်ယူမှုပြုလုပ်ပါ။ မိမိရဲ့ လုပ်ငန်းခွင်၊ မိမိ အသက်မွေးဝမ်းကြောင်းတိုးတက်ဖို့အတွက်လည်း သင်ယူစရာလိုအပ်တာတွေကို အစဉ်အမြဲစဉ်းစားနေပြီး အမြဲလေ့လာသင်ယူမှုတွေပြုလုပ်နေသင့်ပါတယ်။
၂။ သင်ယူမှုမပြတ်ပြုလုပ်ခြင်း
အပေါ်က အချက်မှာ အသားပေးပြောထားသလိုပါပဲ။ အစဉ်အမြဲ မိမိကိုယ်ကိုသုံးသပ်နေပြီး သင်ယူမှုတွေကို မပြတ်ပြုလုပ်နေတာဟာ တိုးတက်ရာလမ်းကြောင်းကို လျှောက်လှမ်းနေခြင်းပါပဲ။ ဘဝမှာ သင်ယူမှုဟာ ဘယ်တော့မှမပြီးဆုံးနိုင်ပါဘူး။ အမေရိကန်သူဌေးကြီး Warren Buffet ပြောသလိုပါပဲ များများသင်ယူလေ၊ များများရှာဖွေနိုင်လေပါပဲတဲ့။ သင်ယူမှုများများလုပ်လေ၊ မိမိရရှိတဲ့ ဝင်ငွေဟာလည်း တိုးတက်လာမှာဖြစ်သလို၊ ရရှိလာတဲ့ အတွေ့အကြုံတွေဟာလည်း တန်ဖိုးဖြတ်နိုင်မှာမဟုတ်ပါဘူး။ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ Charlie Munger ပြောတာကတော့ ဒီလောကကြီးမှာ အောင်မြင်နေသူတိုင်းဟာ ဥာဏ်ကြီးရှင်တွေမဟုတ်ကြပဲ.. အစဉ်မပြတ်လေ့လာသင်ယူမှုပြုလုပ်နေသူတွေပါပဲတဲ့။ လူတော်တော်များများဟာ ကျောင်းတွင်းမှာ၊ တက္ကသိုလ်အတွင်းမှာပဲ သင်ယူစရာတွေရှိတယ် ထင်တတ်ကြပါတယ်။ ဒါပေမယ့် အခုခေတ်ကြီးထဲမှာ သင်ယူစရာဆိုတာ ကျွန်တော်တို့နဲ့ လက်တကမ်းမှာပဲ ရှိတာပါ။ အင်တာနက်ထဲမှာ နည်းနည်းလေးရှာဖွေလိုက်တာနဲ့တင် ကျွန်တော်တို့ သိချင်တဲ့အရာတွေကို စက္ကန့်ပိုင်းအတွင်းမှာပဲ တွေ့ရှိနိုင်ပြီးတော့ သင်ယူမှုတွေကိုလည်း အလွယ်တကူပြုလုပ်နိုင်နေပါပြီ။ youtube က ဗီဒီယိုသင်ခန်းစာတွေကိုပဲကြည့်ပြီး သင်ယူမှုပြုမလား၊ တခြားသူတွေ ဝေမျှထားတဲ့ အင်တာနက်ဝက်ဘ်ဆိုက်တွေထဲမှာပဲ ဝင်ဖတ်ရှုမလား၊ များစွာသော အရာတွေဟာ ကျွန်တော်တို့နဲ့ လက်တစ်လှမ်းမှာပဲရှိတာပါ။
၃။ လုပ်ရပ်ကို အသားပေးပါ။
အဓိကဆိုလိုချင်တာကတော့ မိမိရဲ့ လုပ်နိုင်စွမ်းကို ပြသပါ။ မိမိဟာ သင်ယူမှုတွေပြုလုပ်ထားတယ်၊ လေ့လာမှုတွေလည်းရှိတယ်၊ ဒါပေမယ့် အဲ့ဒီအရာတွေကို လက်တွေ့လောကမှာ အသုံးမချနိုင်သရွေ့တော့ မိမိသင်ယူထားတာတွေဟာ အသုံးဝင်မှာမဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ သင်ယူစရာများစွာဟာ လက်တစ်ကမ်းအကွာမှာ ရှိတာမှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီအရာတွေကို မှန်ကန်စွာအသုံးမချနိုင်သေးသရွေ့လည်း လမ်းကြောင်းမှန်ပေါ်မရောက်နိုင်ပါဘူး။ အချက်အလက်ကို ဗဟုသုတအဖြစ်ပြောင်းလဲနိုင်ရပါမယ်။ ဗဟုသုတကိုလည်း ဦးနှောက်ထဲမှာပဲ သိမ်းထားရမှာ မဟုတ်ပဲ၊ လက်တွေ့လောကမှာ ဘယ်လိုအသုံးချရလဲ၊ မိမိရဲ့ တိုးတက်ရာတိုးတက်ကြောင်းမှာ ဘယ်လိုအသုံးပြုမလဲ ဆိုတာတွေကို စဉ်းစားပြီး ပြုလုပ်ရမှာဖြစ်ပါတယ်
၎။ Online Marketing
ယနေ့ခေတ်ကြီးမှာ အင်တာနက်ဆိုတာ လူတိုင်းအသုံးပြုနိုင်တဲ့အရာတစ်ခုဖြစ်လာပါပြီ။ အလုပ်အကိုင်ရှာဖွေရေးဆိုင်ရာကျွမ်းကျင်သူ Penelope Trunk က လူတိုင်းဟာ အင်တာနက်မှာ မိမိရဲ့ ကိုယ်ပိုင်စာမျက်နှာတစ်ခု၊ blog တစ်ခု ရှိသင့်တယ်လို့ ပြောဖူးပါတယ်။ ဒီနေ့ခေတ် အလုပ်အကိုင်ခန့်ထားမယ့်သူတွေ၊ မိမိနဲ့ အတူလက်တွဲအလုပ်လုပ်မယ့်သူတွေ၊ အပေါင်းအဖော်တွေ အားလုံးဟာ သင့်အကြောင်းကိုမသိသေးခင် များသောအားဖြင့် သင့်နာမည်ကို အင်တာနက်မှာ ရှာဖွေမှုပြုလုပ်တတ်ကြပါတယ်။ တစ်နည်းအားဖြင့် မိမိရဲ့ စီဗွီနေရာမှာ အင်တာနက်မှာ ပေါ်လာတဲ့ သင့်ရဲ့ ပုံရိပ်တွေဟာ အစားထိုးဝင်ရောက်လာပြီပဲဖြစ်ပါတယ်။ သင့်ရဲ့ LinkedIn profile, ကုန်ကုန်ပြောရရင် social media စာမျက်နှာတွေကပါ သင့်ကို define လုပ်နေတဲ့ နေရာတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အင်တာနက်ပေါ်က မိမိရဲ့ ပါတ်သတ်တဲ့ အရာတွေမှန်သမျှကို မှန်ကန်စွာအသုံးချမှုပြုလုပ်ပြီး မိမိရဲ့ ပုံရိပ်ကို မြှင့်တင်ထားသင့်ပါတယ်။
၅။ အကြံဥာဏ်အသစ်တွေအမြဲရှိနေပါစေ
နာမည်ကျော် Quora ရဲ့ James Altucher က ယနေ့ခေတ်ကြီးကို စိတ်ကူးစိတ်သန်းခေတ်ကြီးလို့ (idea age) နံမည်တပ်ခဲ့တယ်။ အကြံဥာဏ်အသစ်အဆန်းတွေ စိတ်ကူးစိတ်သန်းအသစ်အဆန်းတွေဟာ နေ့စဉ်နဲ့အမျှပေါ်ထွက်နေတဲ့ခေတ်ကြီးဖြစ်နေလို့ပါပဲ။ အင်တာနက်ပေါ်အနည်းငယ်ဖတ်ရှုလိုက်တာနဲ့တင် တီထွင်ဆန်းသစ်မှုအသစ်အဆန်းတွေ၊ နည်းပညာအသစ်အဆန်းတွေ၊ အားလုံးနဲ့ ပြည့်နှက်နေတာကို တွေ့ရမှာပါ။ ဒါ့အပြင်ယခုအချိန်အခါဟာ အကြံဥာဏ်အသစ်တွေကို စမ်းသပ်ဖို့လည်း မခက်ခဲ့တော့တဲ့ အချိန်ဖြစ်ပါတယ်။ သင်ဟာ ကွန်ပျူတာပိုင်းနဲ့ စွန့်ဦးတီထွင် တစ်ယောက်ဖြစ်လိုရင်လည်း သင့်ရဲ့ အကြံဥာဏ်အသစ်အဆန်းတွေကို IT Business Plan ပြိုင်ပွဲလိုမျိုးတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်းနဲ့ ငွေကြေးထောက်ပံ့ပေးနိုင်မယ့် ရင်းနှီးမြုပ်နှံသူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို အလွယ်တကူရရှိနိုင်မှာပါ။ ဒါဆိုရင် အကြံဥာဏ်တွေအမြဲရနေအောင် ဘယ်လိုလုပ်မလဲ... ။ အဓိကကတော့ အမြဲတမ်း တွေးနေပါ..အမြဲတမ်း များစွာသော အကြံဥာဏ်တွေကို ချရေးထားပါ။ James ပြောတာကတော့ နေ့စဉ် အကြံဥာဏ်အသစ် ၁ဝ ခုကို အမြဲချရေးပါတဲ့၊ ၁ဝ ခုထဲက ၉ ခုကတော့ မကောင်းတဲ့ အကြံသစ်ဖြစ်နိုင်ပြီးတော့ ၁ ခုကတော့ သာမန်အကြံဥာဏ်ဖြစ်နိုင်ပါတယ်တဲ့။ အဲ့လို သာမန်အကြံဥာဏ်တွေများစွာရှိလာတဲ့အခါမှာ သင့်အနေနဲ့ အကောင်းမွန်ဆုံး အကြံဥာဏ်အသစ်ကို ရှာတွေ့နိုင်ပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။
၆။ အရောင်းသမားကောင်းတစ်ယောက် ဖြစ်ပါစေ
စိတ်တော့မရှိပါနဲ့။ ခပ်ရှင်းရှင်းပြောရရင် သင်ဟာ အရောင်းသမားတစ်ယောက်ပါပဲ။ သင့်ရဲ့ အလုပ်မှာ ဘယ်လို အလုပ်ခေါင်းစဉ်ပဲတပ်ထားတပ်ထား အခြေခံအားဖြင့်တော့ သင်ဟာ အရောင်းသမားတစ်ယောက်ပါပဲ။ အလုပ်အင်တာဗျူးထဲမှာ သင့်ကိုယ်သင်ရောင်းရပါတယ်။ ချစ်သူတစ်ယောက်ရလာအောင်လည်း သင့်ကိုသင် ရောင်းရပါတယ်။ သင့်ရဲ့ ကလေးတွေ အသီးအရွက်စားအောင်လည်း သင်ဟာ အသီးအရွက်ကို ရောင်းရပါတယ်။ ဆွဲဆောင်မှု၊မြူဆွယ်မှု ကောင်းကောင်း ပြုလုပ်နိုင်သူဖြစ်ရပါတယ်။ သင့်မှာ ထုတ်ကုန်ကောင်းကောင်းရှိတယ်။ အကြံဥာဏ်ကောင်းကောင်းရှိမယ်။ ဒါပေမယ့် သင်ဟာ အဲ့ဒီအရာတွေကို မရောင်းတတ်ရင်၊ တစ်နည်းအားဖြင့် လူတွေစိတ်ဝင်စားလာအောင် မဆွဲဆောင်နိုင်ရင်တော့ အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် လူတွေကို ဘယ်လိုဆွဲဆောင်နိုင်မလဲ၊ ဘယ်လိုလွှမ်းမိုးနိုင်မလဲ၊ ဘယ်လိုရောင်းချတဲ့အရည်အသွေးကောင်းတွေရှိအောင် လုပ်မလဲဆိုတာကို အမြဲတစေ လေ့လာမှုတွေပြုလုပ်သင့်ပါတယ်။
၇။ အာရုံစူးစိုက်မှု
ယနေ့ခေတ်ကြီးမှာ ရုပ်ဝတ္ထုပစ္စည်းတွေပြည့်စုံလာတာနဲ့အညီ ကျွန်တော်တို့ကို အာရုံစူးစိုက်မှုမပြုလုပ်နိုင်အောင်လည်း အဲ့ဒီအရာတွေက ဆွဲဆောင်နေပါတယ်။ သာမန်လူတစ်ယောက်အိမ်မှာ တီဗွီရှိမယ်၊ဖုန်းရှိမယ်၊လက်တော့လည်းရှိမယ်၊ တီဗွီကြည့်နေရင်း ဖုန်းက အင်တာနက်သုံးနေမယ်၊ဖေ့ဘုတ်သုံးနေမယ်၊ များစွာသော စွဲမက်ဖွယ် distractions များစွာထဲမှာ ကျွန်တော်တို့ဟာ လွယ်ကူစွာပဲ အာရုံစူးစိုက်မှုကို ဆုံးရှုံးလေ့ရှိပါတယ်။ ဖေ့ဘုတ်ကိုဖွင့်လိုက်ပြီဆိုရင်လည်း ဒီသတင်းဖတ်၊ဟိုသတင်းဖတ်၊သူငယ်ချင်းဓာတ်ပုံကြည့်၊သူငယ်ချင်းရဲ့ စတေးတပ်ကို ဖတ်..၊အဲ့လိုနဲ့ပဲ နာရီတွေဟာ လွယ်ကူလျှင်မြန်စွာပဲ ကုန်ဆုံးသွားတာပါ။ ဒါ့ကြောင့်လည်း Deep Work ဆိုတဲ့ စာအုပ်ရေးသားတဲ့ Cal Newport က ကျွန်တော်တို့တွေမှာ deep work hour တစ်နည်းအားဖြင့် အာရုံးစူးစိုက်ပြီး အလုပ်လုပ်တဲ့ အလုပ်ချိန်ကို သတ်မှတ်ထားသင့်ပါတယ်ဆိုပြီး တိုက်တွန်းခဲ့ပါတယ်။ အဲ့ဒီအလုပ်ချိန်မှာ ဖုန်းကိုလည်း ခဏမေ့ထားပါ၊ ဆိုရှယ်နက်ဝေါ့တွေ၊ ဖေ့ဘုတ်တွေကိုလည်း မေ့ထားပါ၊ အလုပ်ကိုပဲအာရုံအပြည့်စိုက်ပြီး လုပ်ပါဆိုပြီး ပြောပါတယ်။ တစ်ရက်ကို ၈ နာရီအလုပ်လုပ်တာထက်၊အာရုံစူးစိုက်မှုအပြည့်ရှိတဲ့ ၆ နာရီ အလုပ်ချိန်က ပိုမို အလုပ်ဖြစ်ထွန်းမှုရှိပါတယ်ဆိုပြီးလည်း ကောက်ချက်ချထားပါတယ်။ ဒါ့အပြင် စစ်တမ်းတွေအရ အလုပ်များစွာကို တစ်ပြိုင်တည်းလုပ်တာထက် အလုပ်တစ်ခုထဲကို အာရုံစိုက်လုပ်တာဟာ ပိုမိုပြောင်မြောက်တဲ့ အလုပ်ရလဒ်ကို ရရှိစေပါတယ်ဆိုပြီးလည်း ဖတ်ရှုရပါတယ်။
၈။ စိတ်ရှည်ပါ
အောင်မြင်တိုးတက်မှုရဖို့အတွက် အရေးကြီးတာကလည်း စိတ်ရှည်ဖို့ပါပဲ။ အခုခေတ်မှာ လူတိုင်းဟာ အလျင်လိုနေတာများပါတယ်။ လှပတဲ့ ခန္ဓာကိုယ်ကို ခဏလေးနဲ့ ရရှိလိုတယ်။ အဆီမရှိ ကြွက်သားအပြည့်နဲ့ six pack ကို ခြောက်မိနစ်အတွင်း ရရှိလိုတယ်။ အရာရာကို အချိန်ပေးပြီး လုပ်ယူရမယ်ဆိုတာကို မေ့လျော့နေတတ်ကြပါတယ်။ အောင်မြင်တဲ့ Content Writer တစ်ယောက်ဖြစ်လိုတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ဆောင်းပါး ၂ ပုဒ်လောက်ရေးလိုက်တယ်။ Like ပေးတဲ့သူ၊ Followers ထင်သလောက်မရှိဘူး။ အဲ့တော့ ဆက်မလုပ်တော့ဘူး။ အဲ့လိုမျိုးတွေကို ကျွန်တော်တွေ့ဖူးပါတယ်။ သူတို့အနေနဲ့ အဓိကမေ့လျော့နေတာကတော့ ဘယ်အရာမဆို အောင်မြင်ဖို့အတွက် အချိန်ပေးရမယ်၊ စိတ်ရှည်ရမယ်ဆိုတာပါပဲ။ ရောမအင်ပါယာကို တစ်ရက်ထဲနဲ့တည်ဆောက်ခဲ့တာမဟုတ်ဘူးဆိုတာကို သိရှိရပါမယ်။
၉။ တစိုက်မက်မက်လုပ်ပါ။
အပေါ်က အချက်လိုပါပဲ၊ မိမိပြုလုပ်လိုတဲ့အရာကို စိတ်ရှည်စွာနဲ့ တစိုက်မက်မက်ပြုလုပ်မယ်ဆိုရင် အောင်မြင်ဖို့က မဝေးတော့တဲ့ အနာဂတ်မှာပါ။ ဘဝက ပန်းခင်းလမ်းမဟုတ်ဘူးဆိုတာ သီချင်းတွေထဲ၊ စာအုပ်တွေထဲမှာ ဖတ်ဖူးကြမှာပါ။ အပြင်မှာလည်း တကယ့်အခက်အခဲတွေနဲ့ ကြုံလာတိုင်း လွယ်လွယ်ကူကူ အလျော့မပေးပဲနဲ့ တစိုက်မတ်မတ် မိမိယုံကြည်ရာ၊ မိမိတိုးတက်ရာတိုးတက်ကြောင်းကို အမြဲပြုလုပ်နေသင့်ပါတယ်။
၁ဝ။ ပေါင်းသင်းဆက်ဆံရေး
ကျွန်တော်အပေါ်မှာ ယနေ့ခေတ်ကြီးရဲ့ တိုးတက်လာတဲ့ ဆက်သွယ်ရေးစနစ်တွေ၊ ပြောင်းလဲလာတဲ့ ခေတ်တွေကို ရေးပြထားသလိုပါပဲ၊ ဒီနေ့ခေတ်ကြီးမှာ အရေးပါလာတာကတော့ ပေါင်းသင်းဆက်ဆံရေးပါပဲ။ ပေါင်းသင်းဆက်ဆံတတ်ဖို့လိုသလို၊ မိမိရဲ့ အပေါင်းအသင်း ကွန်ရက်ကိုလည်း သင့်တော်သလို ချဲ့ထွင်ရမယ့် အရည်အချင်းလည်းရှိသင့်ပါတယ်။ သင့်အနေနဲ့ ကွန်ပျူတာအသိုင်းအဝိုင်းထဲမှာ အောင်မြင်သူတစ်ယောက်ဖြစ်လိုတယ်ဆိုရင် ယခုကွန်ပျူတာအသိုင်းအဝိုင်းထဲက ထိပ်ဆုံးအောင်မြင်နေသူတွေ၊ မိမိကို လမ်းညွှန်ပေးနိုင်မယ့်သူတွေ၊ မိမိကို ကူညီပေးနိုင်မယ့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေရှိလာအောင်၊ များလာအောင်၊ အမြဲတစေ သင့်ရဲ့ အပေါင်းအသင်းကွန်ရက်ကို ချဲ့ထွင်နေသင့်ပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့အချက်ကတော့ လူတိုင်းကို လေးလေးစားစားဆက်ဆံတတ်ဖို့ပါပဲ။ မိမိထက်သာနေတဲ့သူကိုမှ၊ အောင်မြင်နေတဲ့သူကိုမှ ရိုရိုသေသေဆက်ဆံမယ်။ မိမိအောက်ကလူကို မတူမတန်ဆက်ဆံမယ်ဆိုတာမျိုးဟာလည်း အောင်မြင်တဲ့သူတွေမှာ တွေ့ရလေ့ရှိတဲ့ အရာတစ်ခုမဟုတ်ပါဘူး။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.